Branding ဆိုရှုပ်ထွေးလို့ နားလည်မှုလွဲကြတယ်။ ဒီမှာတော့ အရှင်းဆုံးနည်းနဲ့ ရေးပါမယ်။ လက်တွေ့အသုံးချနည်းပါ ရသလောက် ထည့်ပြောထားတယ်။ Branding လုပ်တယ်ဆိုတာ ဘာလုပ်တာလဲ?
ထုတ်ကုန်ပစ္စည်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုချင်းစီကနေ နိုင်ငံတစ်ခုလုံးအထိ… အမည်နာမသတ်မှတ်ချက်ရှိတဲ့ ဘယ်အရာကိုမဆို Branding လုပ်လို့ရတယ်။ ဘာလုပ်တာလဲဆိုတော့ အဲဒီအရာတွေအပေါ် လူတွေဘယ်လိုမြင်ကြမလဲဆိုတာကို ပြောင်းလဲယူဖို့ကြိုးစားတာ။ များသောအားဖြင့် ပိုပြီးအကောင်းမြင်လာအောင်, တခြားအရာတွေနဲ့ယှဉ်ရင် လူကြိုက်ပိုများအောင်ပေါ့။
ဒီမှာသတိရဖို့က Branding ဆိုပြီး တကူးတကလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူတွေရဲ့အမြင်ဆိုတာကရှိနေပြီးသား, Brand ဆိုတာက အလိုလိုရှိပြီးသား ဆိုတာပါပဲ။ ဖြစ်ချင်တိုင်းဖြစ်နေတာနဲ့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင် လုပ်ယူတာပဲ ကွာတယ်။
Branding (ကိုယ်မြင်စေချင်တဲ့အတိုင်း လူတွေမြင်အောင်လုပ်ယူတာ) ဘယ်လိုလုပ်လဲ ဆက်ရှင်းပါမယ်။ လူတွေရဲ့အမြင်ပြောင်းဖို့ Branding လုပ်မယ့်သူတွေဖက်က ထည့်စဉ်းစားရမယ့် အဆင့် ၄ ခုကို ကျောရိုးအနေနဲ့သုံးမယ်။
၁။ Brand Awareness အဆင့်
ရှေ့သို့လှမ်းချီဆိုတဲ့စာသားမြင်ရင် အဲဒါ MPT လို့ မှတ်မိတယ်, အနီရောင်သံဘူးလေးမြင်ရင် အဲဒါ Coca Cola လို့သိတယ်, ဒါက Recognition (သိရှိမှတ်မိခြင်း)။
ကြက်ကြော်စားရင် အလိုလို Coca Cola ကို သတိရတယ်၊ သွားတိုက်ဆေးဝယ်မယ်ဆို ချက်ချင်း Colgate ပဲတွေးမိတယ် (တခြားဟာတွေကို မကြိုက်လို့မဟုတ် စိတ်ထဲကိုမပေါ်လာတာဆိုတော့ Colgate ပဲဝယ်ဖြစ်သွားတာမျိုး)၊ နွေဦးကံ့ကော်ပန်းလေးတွေမြင်ရင် သူမကိုသတိရ :3
အဲဒါကျတော့ Recall (သက်ဆိုင်တဲ့အခြေအနေတစ်ခုခုမှာ အရင်ဆုံးသတိရခြင်း)
ဒါက လူတွေရဲ့အမြင် ပထမဆုံးအဆင့်ကို ဥပမာတွေနဲ့မြင်သာအောင်ပြတာ။ ဒီဥပမာထဲက Company တွေအကုန်လုံးက ဒီလိုမြင်စေချင်တယ်လို့ဆုံးဖြတ်ပြီး ဒီလိုမြင်အောင် တမင်လုပ်ထားတာဖြစ်တယ်။ သူမကတော့ တမင်လုပ်ထားတာမဟုတ်ပါဘူး သူ့အလိုလို “ကံမဆုံလည်း မမေ့နိုင်ဘူး” ဖြစ်သွားရတဲ့အခြေအနေတစ်ခု… အတိအကျကတော့ ထူးအိမ်သင်ကိုပဲသွားမေးရမယ်။ xD
ဒီအဆင့်ကို လက်တွေ့အသုံးချနည်း။
Brand Awareness (သိရှိမှတ်မိ, သတိရ) စေချင်တာဖြစ်လို့ မှတ်မိစရာ Brand ရဲ့ကိုယ်ပိုင်လက္ခဏာ (Identity) တွေ ဆုံးဖြတ်သတ်မှတ်ရမယ်။ Brand Identity လို့ခေါ်ကြတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ စိတ်ကူးအာရုံ သက်ဆိုင်ရာအာရုံတွေဖန်တီးရမယ်။
ဒီထဲမှာ မြင်ရတာတွေဖြစ်တဲ့ (လိုဂို၊ ဒီဇိုင်း၊ ထုတ်ပိုးမှုပုံစံ၊ ဆိုင်ပုံစံအနေထား) ပါသလို ကြားရတာတွေဖြစ်တဲ့ ဘာတွေကို ဘယ်လိုပြောလဲ (Story, သမိုင်းကြောင်း, ပြောဆိုပုံ Mode and Tone) ဆိုတာတွေအကုန်ပါတယ်။ အဲဒီ ၂ ခုပေါင်းကြောင့် Brand Character တစ်ခုဖြစ်လာတယ်။ (မလိုအပ်လို့ ဒီမှာ အကျယ်မချဲ့တော့ဘူး။)
Brand Identity တွေ ဖန်တီးပြီးတဲ့နောက် တွဲမှတ်မိစေဖို့ Repetition လုပ်ပေးရမယ်။ ကြော်ငြာများများလုပ်နိုင်တဲ့ Company တွေ အားသာတာပေါ့။ ဒါပေမယ့် Branding ကိုနားမလည်လို့ Product Packaging ကို အခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်း၊ ကြော်ငြာစာသားတွေကို အချိန်နဲ့အမျှ အမျိုးမျိုးပြောင်းသုံးနေတယ်ဆိုရင် ကြော်ငြာတာတွေ အလကားဖြစ်သွားပြီ, Brand Awareness မရတော့ဘူး။ ဥပမာပေးရရင် သူမသာ ကံ့ကော်ပန်းပန်လိုက် နှင်းဆီပန်းပန်လိုက်ဆိုရင် နွေဦးကံ့ကော်ကိုမြင်တဲ့အခါ သူမကို သတိရပါဦးမလား?
နောက်တစ်ပုဒ်အဖြစ်ခွဲခွင့်ပေး… စာရှည်ရင် မဖတ်ကြလို့။ ဒီလိုရှင်းတာ အဆင်ပြေလားပြောပေးသွား။ မပြေရင် နောက်တစ်ပုဒ်မှာ နောက်တစ်နည်းသုံးပါမယ်။

